လရောင်.စာရေးဆရာမမဟုတ်ပါစိတ်ထွက်ပေါက်လေးတစ်ခုလုပ်ထားတာဖြစ်တဲ့ အတွက်မျက်စိလည်လမ်းမှားရောက်လာသူအားလုံးကိုကျေးဇူးအထူး...

Friday, February 11, 2011

စိမ်းလဲ့လဲ့ ညိုပြာပြာ (၂)

x x ညိုပြာပြာ x x x လတာပြင့်ခြေရင်း x x x လှိုင်းတက်ရာ ဗေဒါတက် လှိုင်းသက်ရာ ဆင်း x x x

ဘဘက သီချင်းသွားကို နားထောင်ရင်း မင်းသမီးရုပ်၏ ကြိုးတို့ကို ဆွဲကာ ကကြိုး ထွင်လေသည်။ သူသာ မရသော်လည်း ခဏ ခဏ ကြားဖူးနေကျ သီချင်းဖြစ်သဖြင့် သူ့ အတွက် ကကြိုး ထွင်တာ မခက်ခဲပါ။ မင်းသမီးသည် တကယ်ပဲ ငြိမ့်ငြိမ့်လေးနှင့် လွင့်ဝဲနေ အောင် ကတော့သည်။ ရေစီးသံလေးတွေပင် ကြားလာရအောင် ကကွက်လေးက ရေလှိုင်း လေးတွေလို ဖြစ်နေသည်။ အဲသည်လို နှစ်ပတ်လောက် ဖွင့်ပြပြီးသောအခါ ဘဘအတွက် သီချင်းတစ်ပုဒ် တိုးလာသည်။ ပန်းပန်လျက်ပါသည် ဘဘ သီဆိုဖြစ်သည့် သီချင်းထဲတွင် ပါဝင်လာတော့သည်။ သို့သော် ကျွန်မတို့ အိမ်ရှေ့ မန်ကျည်းရိပ်သို့ ရောက်လျှင် ပထမဆုံး ကြားရသည်ကတော့ စိမ်းလဲ့လဲ့ညိုပြာပါပဲ။

x x နေခြည်ကလည်း မထိုးရပါကလား x x သြော် နေခြည်ကလည်း မထိုးရပါကလား x x x တို့ရွာဂါမာ မြမြနေတဲ့ ရွာရွာရွာ x x x

ဘဘမှာ သားသမီးတွေ ရှိသည်။ သားသမီးတွေက သူတို့အိမ်ထောင်နှင့် သူတို့ ရုန်းကန် ရှာဖွေနေရသည်မို့ မိအိုဘအိုတို့ကို မကျွေးမွေးနိုင်။ ဘဘက သူနှင့် သူ့ဇနီး အ တွက် စားသောက်စရိတ်ကို အခုလိုပဲ နယ်လှည့်ပြီး မြေ၀ိုင်းရုပ်သေးလေး ကပြရင်းဖြင့် ရှာ ဖွေရသည်။ အမေကြီးက အိပ်ရာထဲ လဲနေသည်။ ဆေးဖိုးဝါးခကိုလည်း ဒီငွေထဲကပဲ ဖဲ့ရ သည်။ ဒါကို သိပြီးသည့်အခါ ကျွန်မက ဘဘအတွက် သာမက အမေကြီးအတွက်ပါ ဆေး ဖိုးအဖြစ် နှစ်ထောင် သုံးထောင်ကို အပတ်စဉ် ထည့်ထည့် ပေးရပါသည်။

နောက်ဆုံးတော့ အမေကြီး ကွယ်လွန်သွားသည်။ ကွယ်လွန်သူအတွက် သင်္ဂြိုဟ် စရိတ် လိုသည်။ ဆွမ်းကျွေးစရိတ် လိုသည်။ ဘဘက ကျွန်မဆီသို့ပဲ ရောက်လာပါသည်။ ကျွန်မဆီက ငွေကို သည်အတိုင်း မချေးချင်ပါတဲ့။ သူ့ ယမင်းရုပ်လေးကို အပေါင် သဘော ထားပြီး ယူလိုက်ပါ။ ကျွန်မက သူ့ကို ငွေချေးပါတဲ့။

ကျွန်မ ယမင်းရုပ်လေးကို သဘောကျတာတော့ မှန်ပါသည်။ သို့သော် ယမင်းရုပ် လေးသည် ဘဘနှင့်အတူ ရှိနေမှ အသက်ဝင် လှုပ်ရှားကပြနိုင်တာ။ ကျွန်မ လက်ထဲမှာ ယမင်းရုပ်ဟာ အရုပ်တစ်ရုပ် မျှသာပဲ။ ဘာမှ မပို။ ထို့ကြောင့် ကျွန်မ ငွေကိုသာ ပေးလိုက် မည်။ အရုပ်ကို မယူချင်ပါ။ သို့သော် ဘဘက အရုပ်ကို ဇွတ်ထားပစ်ခဲ့သည်။ ဧည့်ခန်းမှာ အရုပ်လေးကို ထားပစ်ခဲ့ပြီး လှည့်ကြည့် လှည့်ကြည့်နှင့် ပြန်သွားသော ဘဘသည် အိုမင်း လှပါပကောဟု ကျွန်မ အဲသည်တော့မှ တွေးမိသည်။ သူ၏ ပူပင်သောက များသည့် မျက် လုံးတို့သည် အရုပ်လေးကို သံယောဇဉ် မပြတ်နိုင်မှန်း ကျွန်မသိပါသည်။ ဒီအရုပ် မပါဘဲ သူ ဘယ်လို ငွေရှာမလဲ။

“ဘဘ”

ခြံပြင်သို့ ရောက်သွားသော ဘဘကို ကျွန်မ လှမ်းခေါ်လိုက်သည်။ သူ လှည့်ကြည့်သည်။

“စိတ်ပြေလက်ပျောက် ရှိတဲ့အခါ ဒီအရုပ်လေး လာယူပြီး အရင်ကလို ရွာထဲ လှည့် ကဦးနော် လာယူနော်”

ဘဘ ခေါင်းခါသည်။

“မဟုတ်ဘူးလေ ကပြီးရင် ညနေမှာ ကျွန်မအိမ်မှာ ပြန်ထားချင် ထားခဲ့ပေါ့”

ဘဘက ခေါင်းညိတ်သည့်အခါ ကျွန်မ စိတ်သက်သာ သွားခဲ့သည်။ မရမ်းကွက်ကျဲ ကျဲ ပုဆိုးတိုတိုဖြင့် ခေါင်းငိုက်စိုက်ဖြင့် ခပ်လေးလေး ထွက်ခွာသွားသော အဘိုးကြီးသည် သူ့ ဇနီးသည်၏ အသုဘအတွက် စိတ်စောနေဟန်ရှိသည်။ နောက်သို့ လှည့်မကြည့် တော့ပေ။

နောက်နေ့ ဘဘ မလာပါ။ နောက်တစ်ပတ် ဘဘ ရောက်မလာခဲ့ပါ။

ကျွန်မတို့ ရပ်ကွက်က ကလေးတွေက ကျွန်မ အိမ်ခြံဝင်းထဲသို့ တံခါးသံတိုင်များ ကြားမှ ချောင်းကြည့်ကြသည်။ ကျွန်မကို မြင်လျှင် ရုပ်သေးကမှာလားဟု မေးတတ်ကြ သည်။ ကျွန်မ ခေါင်းယမ်းပြကာ သူတို့အား အိမ်ပြန်ခိုင်းရပါသည်။

“ဘဘလာရင် မင်းတို့  ကြားရမှာပါ။ ပြန်ပြန် အိမ်ပြန်ကြ”

ယမင်းရုပ်လေးသည် ဘဘ မလာသည့်အခါ အသုံးမ၀င်သလို ဖြစ်နေသည်။ ဧည့် ခန်းမှာ အလှပြ အရုပ်လေးထက် မပိုပေ။ ကျွန်မ ဧည့်သည်တချို့က ထိုအရုပ်ကို ချီးမွမ်းကြ သည်။ လက်ရာ မြောက်လွန်းလို့တဲ့။ အရုပ်၏ များပြားလှစွာသော ကြိုးတွေကိုလည်း အံ့သြ ကြသည်။ သူတို့ ဒီလောက်ကြိုးများသည့် အရုပ်ကို မတွေ့ဖူးပါတဲ့။ ဟုတ်ပါသည်။ ယမင်း ရုပ်လေးမှာ ကြိုးပေါင်း ၃၆ ကြိုး ပါပါသည်။ ဒီလောက်ကြိုးတွေ အများကြီးမို့လည်း သူက တာက လူတစ်ယောက် ကတာနှင့် တူနေတာ ဖြစ်ရမည်။ ကြိုးများသည့်အခါ လှုပ်ရှားမှု လည်း စုံတာကိုး။ ထိုကြိုးလေးများကို ဟိုလူက ကိုင်ကြည့် ဒီလူက ကိုင်ကြည့် ရေကြည့် လုပ်သည့်အခါ ကျွန်မ တားမြစ်ယူရသည်။

“မလုပ်နဲ့။ ကြိုးလေးတွေက ကြာလှပြီး ဆွေးနေပြီ။ ပြတ်သွားရင် သူ အကရ ခက် နေလိမ့်မယ်။ မကိုင်ပါနဲ့”

ယမင်းရုပ်လေးသည် နေ့ရော ညပါ ဆိုဖာထောင့်လေးမှာ ထိုင်လျက်။ ပထမတော့ သူ့နှုတ်ခမ်ပါးလေးတွေက ပန်းနုရောင် နီထွေးထွေးလေး ပြုံးပြုံးလေး။ ရက်တွေ လတွေ ကြာသည့်တိုင် ဘဘ ရောက်မလာတော့ ကျွန်မလည်း အနေရခက်လာပြီး သူလည်း မျက်နှာ အိုအိုလာသည်။ ကျွန်မ တီဗွီပိတ်ပြီး အပေါ်ထပ်တက်ဖို့ ပြင်သည့်အခါ သူက ဆို ဖာမှာ ငုတ်တုတ်လေး ကျန်ခဲ့ရမှာမို့ ကျွန်မ သူ့ကို အမြဲနှုတ်ဆက်မိသည်။

“ယမင်း မမ သွားအိပ်မယ်နော်။ ညည်းလည်း အိပ်တော့”

ကြာတော့ ယမင်းရုပ်လေးသည် ကျွန်မအတွက် အဖော်ဖြစ်လာသည်။ အိမ်အပြင် ကနေ ပြန်လာလို့ အိမ်ထဲ ၀င်လိုက်သည်နှင့် အရုပ်လေးဆီ အရင်သွားပြီး နှုတ်ဆက်မိ သည်။ သူ့ကို မြင်လိုက်ရမှပဲ အမောပြေရသည်။ သူ ပြုံးပြုံးလေး ထိုင်နေပုံက နွဲ့နှောင်း ပြေ ပြစ်လွန်းသဖြင့် မျှော်တော်ယောင် မင်းသမီးလေးကျနေတာပဲ။ အေးပေါ့ သူ မျှော်နေမှာ ပေါ့။ ကျွန်မကို မျှော်တာ မဟုတ်လျှင်တောင် သူ့အဘကို မျှော်မှာပေါ့။ သူ့အဘ လက် ချောင်းများဖြင့်သာ သူက အသက်ဝင်ရသူ မဟုတ်လား။

ထိုအရုပ်လေးကို မောင့်မိတ်ဆွေ တစ်ယောက်က အိမ်လာလည်ရင်း တွေ့သွား သည့်အခါ ၀ယ်လိုသည်ဟု မောင်ကတစ်ဆင့် တောင်းဆိုလာသည်။ ကျွန်မ မောင့်ကို တော်တော် ဒေါသထွက်သွားပါသည်။

“ဒါ နွယ်တို့အပိုင် မဟုတ်ဘူး။ သူ့မှာ ပိုင်ရှင်ရှိတယ်လေ။ ပိုင်ရှင်လာရင် ပြန်ပေးရ မှာ။ နွယ်တို့က ထိန်းသိမ်းပေးထားတာ။ မောင် အဲလို ငြင်းလိုက်ပါလား။ နောက်ကို ၀ယ် စကား မပြောပါနဲ့လို့ ”

“ဟုတ်ပါပြီ မောင်ကလည်း သူ ၀ယ်ချင်တဲ့အကြောင်း ပြောပြတာပါ”

“မောင် နွယ့်ကို တကယ်နားမလည်ပါဘူး”

“ဟောဗျာ”

မောင်ကတော့ အသာ ပြုံးရယ်လေသည်။

“နားလည်ပါတယ်၊ နွယ်က အရုပ်လေးကို ချစ်တယ်”

ကျွန်မ မောင့်ကို ဘယ်လို ရှင်းပြရမှန်း မသိ။

တစ်ညမှာတော့ မောင့်ကို ရှင်းပြဖို့ အခွင့်အရေးကို ကျွန်မ ရခဲ့သည်။ သို့သော် ကျွန်မ ရှင်းပြဖို့ မလိုတော့ဘူးဟု ဆုံးဖြတ်လိုက်ရသည်။

ထိုည ကျွန်မ အိပ်ရာကနေ နိုးလာသည်။ အောက်ထပ်က အသံတစ်ခုခုကြောင့် ဖြစ်သည်။ ဘာသံရယ်ဟု မသဲကွဲသော်လည်း သီချင်းသံလိုလို ညည်းသံလိုလို ဂီတဆန် သည့် သံရှည်တစ်ခုကြောင့် ဖြစ်သည်။ ပထမတော့ ကျွန်မ တီဗွီကို မပိတ်ခဲ့မိလို့များလားဟု တွေးမိလိုက်သည်။ ဒါပေမယ့် ဒီအချိန်က တီဗွီလာချိန်မှ မဟုတ်တော့ဘဲ။ ကျွန်မ ညက ဗီဒီယိုလည်း မကြည့်ခဲ့ပါဘူး။ ဒါပေမယ့် သီချင်းသံလိုလို ဂီတသံလိုလို။ ကျွန်မ စိတ်ရှုတ် ထွေးစွာဖြင့်ပင် အောက်ထပ်သို့ ဆင်းလာခဲ့တော့သည်။ အောက်ထပ်မှာ ဘုရားခန်းဆီမှ ပြာလဲ့လဲ့ အလင်းရောင် မှိန်မှိန်လေးသာ ထွန်းလျက်ရှိသည်။ ကျွန်မ လှေခါး အောက်ဆုံး ထစ်သို့ ရောက်သည့်အခါ ဂီတသံက ကျွန်မတို့အိမ်က မဟုတ်ဘူးဟု တွေးမိသည်။ တကယ့် အသံသဲ့သဲ့လေး။ ဒီအချိန်မှာ ဘယ်အိမ်ကများ ဂီတကို နားထောင်နေပါလိမ့်။ သို့ သော် ထူးခြားမှုတစ်ခုကတော့ ယမင်းရုပ်လေး ဖြစ်သည်။ ဘုရား ဘုရား ဘယ်လိုက ဘယ် လို သူနေရာ ပြောင်းနေခဲ့ပါလိမ့်။ သူ့ကို ဘယ်သူက နေရာ ရွှေ့လိုက်တာလဲ။

သူ အသက်ဝင် နေခဲ့သလား။

သူသည် ခါတိုင်းလို ကျွန်မ ထိုင်နေကျ တစ်ယောက်ထိုင် ဆိုဖာ၏ ထောင့်လေးမှာ ထိုင်မနေဘဲ နှစ်ယောက်ထိုင် ဆိုဖာပေါ်မှာ။ ခြေဆင်းလဲလူ ထိုင်နေလိုက်တာမှ ဆိုဖာ လက်တင်ကို ခေါင်းမှီလျက် မော့မော့လေး။ သဉ္စာလီညောင်စောင်းမှာ မင်းသားကို မျှော်နေ သည့် မင်းသမီးလေး၏ ဟန်မျိုး။

ကျွန်မ ဖန်ချောင်းမီးကို ဖွင့်လိုက်သည်။

“ယမင်း”

“ယမင်းကို ဒီနေရာ ဘယ်သူ ရွှေ့ထားတာလဲ”

ကျွန်မရင် တဒိတ်ဒိတ် ခုန်လျက်က သူ့ကို အသာတို့ထိ ကြည့်မိသည်။ ကျွန်မ ကြောက်လန့်သလို သူလှုပ်ရှားမလာပါ။ ဘာမှလည်း အရိပ်အယောင် မပြပါ။ သူ့လက်လေး တွေ ခြေထောက်လေးတွေက အရင်ထက်ပိုပြီး ပျော့ဖတ်နွမ်းနယ် နေသလိုပဲ။ မျက်လုံး လေးကတော့ ဟိုတုန်းကထက် ပိုပြီး တောက်ပနေသလားလို့။ နေပါဦး ယမင်းရုပ်၏ နှုတ် ခမ်းက စိုလက်နေလိုက်တာ။ တကယ့် လူနှုတ်ခမ်းလို ပါပဲလား။

“နွယ် ဘာဖြစ်လို့လဲ”

လှေခါးမှ မောင်ဆင်းလာသည်။

“ယမင်းရုပ်လေး အနေအထား ပျက်နေတယ်။ မောင်များ ရွှေ့ထားသလား”

မောင်က သက်ပြင်းချပြီး ကျွန်မအနားသို့  တိုးကပ်လာသည်။

“နွယ့်ရုပ်သေးရုပ်ကို မောင်က ဘာဖြစ်လို့ ကိုင်ရမှာလဲ”

မောင့်အသံက ခပ်ဆတ်ဆတ်။

“အေးလေ။ ဒီအိမ်မှာ မောင်နဲ့ကျွန်မ နှစ်ယောက်တည်းရှိတာ။ မောင် နေရာ မရွှေ့ ရင် ယမင်းရုပ် သူ့ ဟာသူ အသက်ဝင် လာတာလား”

“နွယ် အိပ်ရေးပျက်လို့ ထင်တယ်။ နွယ့်စကားတွေက တစ်မျိုးပဲ။ သွားသွား ပြန် အိပ်ချည်”

ယမင်းရုပ်လေးကို သူ့နေရာမှာသူ ပြန်ချပေးဖို့ မောင်ကပဲ ပွေ့ယူလိုက်သည်။ မောင် ပွေ့ယူနေပုံက ယမင်းရုပ် တစ်ရုပ်ကို ပွေ့တာမျိုး မဟုတ်ဘဲ လူမိန်းကလေး တစ်ယောက် ကို ပွေ့သလိုမျိုးပဲဟု ကျွန်မ ထင့်ခနဲ ဖြစ်သွားသည်။ မောင် ကျွန်မကို ဘယ်တုန်းက နောက်ဆုံး ပွေ့ချီခဲ့ပါလိမ့်။ ပြန်စဉ်းစားမိသည်။ တစ်ခါက မောင့်ကို စိတ်ကောက်ပြီး တီဗွီ ကြည့်ရာကနေ မထတော့ဘဲ ဆိုဖာမှာပဲ ခွေခေါက်ပြီး အိပ်နေလို့  မောင် တိတ်တိတ်လေး လာပွေ့ချီလိုက်တာ။ အဲဒါ ဘယ်တုန်းကလဲ။ လွန်ခဲ့သည့် နှစ်နှစ်က ထင်သည်။ ကြာခဲ့ပြီ ပေါ့။ အဲဒီတုန်းက လှေခါးပေါ် တက်သည့်အခါ ကျွန်မ တကယ် အိပ်မပျော်သေးဘဲ ဟန် ဆောင်ပြီး မောင့်ရင်ခွင်မှာ လိုက်မသွားခဲ့ရက်လို့ မျက်လုံးဖွင့်ကြည့်ပြီး ဟန်ဆောင် မျက် စောင်းဖြင့် အိမ်ပေါ်သို့ ကိုယ့်ဟာကိုယ် တက်လာခဲ့တာ အဲဒါ မောင် ပင်ပန်းမှာ စိုးလို့ပေါ့။ မောင် ကျွန်မကို ပွေ့ချီပြီး တက်ရမှာ သနားလို့ပေါ့။ အဲဒီတုန်းက ဒီအတိုင်း ငြိမ်နေလိုက်ရမှာနော်။

“မောင် မလုပ်နဲ့။ နွယ် လုပ်မယ်”

မောင်က ယမင်းရုပ်ကို ပွေ့ပြီး နေရာရွှေ့လိုက် ပြီးပြီ။ ဆိုဖာပေါ်မှာ ထိုင်ရက်လေး တင်လိုက် ပြီးပြီ။

“မောင် ဖယ်”

မောင့်ကို ဘေးသို့ အသာတွန်းလိုက်ပြီး နဂိုပုံစံအတိုင်း ဆိုဖာလက်တင်ပေါ် တံ တောင်ဆစ် တင်ခိုင်းလျက် ခပ်မှီမှီလေး ထိုင်ခိုင်း လိုက်ပါသည်။ ယမင်းရုပ်တို့သည် အ သက်ဝင် တတ်သလား။ ရှေးရှေးကတော့ အရုပ်လေးတွေကို ထုဆစ်ပြီးလျှင် လမိုင်းနတ်ကို ကန်တော့ပွဲ အစုံဖြင့် တင်ကြရသည်ဟု ဆိုသည်။ အသက်သွင်းတာ ဆိုပဲ။ ယမင်းရုပ်လေး လည်း အသက်သွင်းပြီးသား ဖြစ်မှာပေါ့။ ဒါကြောင့်သာ ကခြေသည်လေးတမျှ ယိမ်းနွဲ့ ပျော့ပြောင်းစွာ ကနေလိုက်တာ ပ၀ါစလေးများ ထဘီစလေးများ ၀ဲပျံလွင့်နေသည် အထိ ကနေလိုက်တာများ ကြည့်လို့ မ၀နိုင်အောင် ရှိခဲ့တာမဟုတ်လား။

မောင်နှင့်ကျွန်မ နှစ်ယောက်အတူ အပေါ်သို့ ပြန်တက်ဖို့ လှေခါးဆီ လျှောက်လာ ခဲ့စဉ်တွင် ယမင်းရုပ်လေးကို မောင် လှေခါးကနေ လှမ်းကြည့်မှာလား လှမ်းမကြည့်ဘူးလား ဟု ကိုယ့်ဟာကိုယ် တိတ်တိတ် လောင်းကြေး ထပ်နေခဲ့မိသည်။

“မောင် အရင်တက်”

မောင်က ယမင်းရုပ်ကို တစ်ချက် လှမ်းကြည့်လိုက်တာကို မြင်ဖြစ်အောင် မြင်လိုက် ၏။ ကျွန်မရင်ထဲမှာ ခါးသက်စွာ အေးစက်သွားပါသည်။

ထိုအချိန်က စပြီး ယမင်းရုပ်လေးကို ညမှာ အောက်ထပ်မှာ ထားခဲ့ရတာကိုပင် စိတ် မချသလို ဖြစ်လာသည်။

တစ်ခုသော ညနေ မောင် အပြင်က ပြန်လာတော့ ကျောက်လေးတွေ စီထားသည့် ငွေခြည်ထိုး ပ၀ါဖြူလေးတစ်ထည် ပါလာသည်။ ပထမတော့ ကျွန်မဖို့ ထင်လိုက်မိသည်။

“ဟယ် လှလိုက်တဲ့ ပ၀ါလေးပါလား။ ဒါပေမယ့် မောင်ကလည်း ကျွန်မ ပွဲတက်ရင် အဲဒီလို တောက်တောက်ပပတွေ ၀တ်မှ မ၀တ်တတ်တာ”

“မောင် သိပါတယ်။ ဒါက နွယ့်အတွက် မဟုတ်ဘူး။ ယမင်းရုပ်လေး အတွက်”

ကျွန်မ ကြားလိုက်ရသည့် စကားကို မယုံချင်။ ယမင်းရုပ် အတွက်တဲ့လား။

“သူ့ပ၀ါလေးက နည်းနည်း စုတ်နေပြီလေ နွယ်ရဲ့”

ယမင်းရုပ်လေးကို မောင်က ပ၀ါသစ်လေး ခြုံပေးနေသည့် မြင်ကွင်းမှာ ကျွန်မ အတွက် နာကျင်ဖွယ်ရာအတိ ဖြစ်သည်။ ဘုရားရေ။ ငါ ဘာဖြစ်နေတာလဲ။ ဒါ အရုပ်တစ်ခု လေ။ ငါ ချစ်လှချည်ရဲ့ဆိုတဲ့ အရုပ်လေ။

သို့သော် ကျွန်မနှလုံးသားဆီမှ ဘာဖြစ်လို့ ပူလောင် လာခဲ့ရပါလိမ့်။

ဘာဖြစ်လို့လဲဆိုတော့ မောင့်မျက်လုံးမှာ နူးညံ့သည့် ကြင်နာရိပ်တစ်ခုကို မြင်လိုက် ရသောကြောင့် ဖြစ်ပါသည်။ ထိုအကြည့်မျိုးကို ကျွန်မ အလွတ်ရနေပြီ။ အဲသည် အကြင်နာ ရိပ်ဖြင့် မောင် ကျွန်မကို ကြည့်ခဲ့ဖူးတာ အကြိမ်ကြိမ်။ သို့သော် ဘယ်တုန်းက နောက်ဆုံး ကြည့်ခဲ့ပါလိမ့်။ ကျွန်မစဉ်းစားလို့ မရ။

ကျွန်မ ချာခနဲ လှည့်မထွက်သွားခင် မျက်စိထောင့်မှ မောင့် အပြုံးလဲ့လဲ့ကို မြင်ဖြစ်အောင် မြင်လိုက် ပြန်ပါသည်။

ကျွန်မ ရူးနေပြီ။

မဟုတ်ဘူး။ ကျွန်မ ရူးတာ မဟုတ်ဘူး။ မောင် ရူးတာ။

ဘာပဲဖြစ်ဖြစ် ယမင်းရုပ်နှင့် ပတ်သက်ပြီး ကျွန်မ တစ်ခုခုတော့ လုပ်ရမည်။

နောက်တော့ စိတ်ကို ဆုံးဖြတ်လိုက်သည်။

သည်မနက် မောင် အလုပ်သွားနေသည့် အချိန်တွင် ကျွန်မ လှုပ်ရှားဖို့ အကောင်း ဆုံးပဲဟု တွက်သည်။ လုပ်ကောင်းလား မလုပ်ကောင်းလား ကျွန်မ မသိ။ ယမင်းရုပ်လေး ကို ကျွန်မ စာအုပ်တွေ ထည့်သည့် ဘီဒိုရှိရာသို့ ပွေ့ချီခေါ်လာခဲ့သည်။ စာအုပ်ဘီဒိုထဲမှာ စာအုပ်တွေက အများကြီးမို့ သူ့အတွက် နေရာကျယ်ကျယ်မရှိ။ ထို့ကြောင့် ဖြစ်သလိုပင် သူ့ ကိုယ်ကို ခေါက်ချိုးကာ မဆန့်ဆန့်အောင် ခွေခေါက်ထည့်လိုက်ရသည်။

ညည်း အဲဒီမှာ အေးအေးဆေးဆေးနေတော့။ အဘကို ပြန်ပေးချင်လို့ ညည်းကို ဘယ်အရုပ်ဆိုင်မှ မပို့ မရောင်းဘူး။ ဒါပေမယ့် ဒီနေ့ကစပြီး ညည်းနေရာက ဒီနေရာပဲ ကြား လား။

ထို့နောက် ဘီဒိုသော့ကို ကျွန်မတစ်ဦးတည်း ကိုင်သည့် စားပွဲအံဆွဲထဲမှာ ထည့်ပြီး သော့ ထပ်ခတ်လိုက်သည်။ လုံခြုံသွားပြီ။

ညနေ မောင်ပြန်လာလို့ ယမင်းရုပ်ကို မတွေ့လျှင် မောင် ကျွန်မကို မေးမြန်းမှာ လား။ မမေးဘဲ မသိချင်ယောင် ဆောင်မလား။ လောင်းကြေး ထပ်ရဦးမလား။ အို ဘာပဲဖြစ် ဖြစ် မောင် မေးလာခဲ့လျှင်လည်း အဘိုးကြီး ပြန်လာယူသွားပြီဟု ဖြေလိုက်ရုံပါပဲ။ အဲဒီအ ချိန်မှာ မောင့်မျက်လုံးတွေ အရောင်ဖျော့ မှိန်သွားမလား။ သို့မဟုတ် ခါးသက်မှု အရိပ်အ ယောင်ကို တွေ့ရမလား။ သို့မဟုတ် ဘာမှ မဖြစ်ဘဲ ကျွန်မကို ခါတိုင်းလိုပဲ ဖက်ပွေ့ လိုက်တာလည်း ဖြစ်လာနိုင်တာပဲ။

ကျွန်မ ပင့်သက်တစ်ချက် ရှိုက်ကာ ပြုံးလိုက်မိပါသည်။
ဂျူး
(၂၆နှစ်ပြည့် ကလျာမဂ္ဂဇင်း၊ အမှတ် ၁၃၀၊ ဇန်န၀ါရီ၊ ၂၀၁၁)

No comments:

Post a Comment