လရောင်.စာရေးဆရာမမဟုတ်ပါစိတ်ထွက်ပေါက်လေးတစ်ခုလုပ်ထားတာဖြစ်တဲ့ အတွက်မျက်စိလည်လမ်းမှားရောက်လာသူအားလုံးကိုကျေးဇူးအထူး...

Friday, February 11, 2011

စိမ်းလဲ့လဲ့ ညိုပြာပြာ (၁)...by ဂျူး

ကြိုက်လွန်းလို့ ..ဖတ်ဖို့ ယူလာတာပါ...ဒါက facebook က မူရင်း link လေးပါ...
http://www.facebook.com/profile.php?id=1012659542#!/note.php?note_id=176896992350198

ယမင်းရုပ်ကလေး မပြုံးတော့သည်မှာ တော်တော်ကြာခဲ့ပြီ။ သုံးလေးနှစ်တောင် မကတော့ဘူး ထင်ပါရဲ့ ။

သူ့ အ၀တ်အစားတွေကတော့ ထူးပြီး နွမ်းဖျော့လာသည်ဟု မထင်မိပါ။ ဘော် ကြယ်တွေက အရင်လို တလက်လက် တောက်ပခြင်း မရှိတော့သော်လည်း ရွှေချည်ထိုး အချိတ်နှင့် အပွင့်တွေက မှိန်မှိန်လေးနှင့် ပြေပြေလေးတောင် လှနေဆဲ ဖြစ်သည်။ သူ့ကို ဆင်ပေးထားသည်က အများတကာ အရုပ်တွေလို ပန်းရောင်တို့ အ၀ါရောင်တို့ မဟုတ်။ ဆင် စွယ်ရောင် အောက်ခံတွင် ရွှေရောင် အပွင့် အချိတ်လေးတွေနှင့် ယဉ်ယဉ်လေး လှနေသည့် ပိုးထဘီ ဖြစ်သည်။ ထဘီကလည်း နှစ်ကာလကြာလွန်းလို့ ဖြစ်မည်။ ခပ်ပွပွ ခပ်တောင့်တောင့် မနေတော့ဘဲ အလိုက်သင့် ပုံကျနေတော့သည်။

ယမင်းရုပ်လေး ရောက်လာကတည်းက ဧည့်ခန်းမှာ ကျွန်မ တီဗွီကြည့်လျှင် ယမင်း ရုပ်၏ဘေးက ဆိုဖာမှာ ထိုင်လေ့ရှိသည်။ ပထမတော့ ကျွန်မနှင့်အတူ တီဗွီကြည့်ဖော် တစ်ယောက် ရသည်ဟုပဲ သတ်မှတ်သည်။ မောင်က ကျွန်မလို ရုပ်မြင်သံကြား ကြိုက်သူ မဟုတ်ဘူးလေ။ တီဗွီဇာတ်လမ်းတို့ ဘာတို့က အဖော်နှင့်ကြည့်မှ မှတ်ချက်ပေးတာတို့ ရယ်တာတို့ ရှုတ်ချတာတို့ လုပ်လို့ ကောင်းတာကိုး။

သူ တီဗွီကို တကယ် ကြည့်တတ်သလိုပဲ။ သူ့တံတောင်ဆစ်က ဆိုဖာ လက်တင်ပေါ်မှာ အကျအနတင်လို့။ လူက ဆိုဖာထောင့်မှာ မှီကပ်လျက် ခေါင်းကတော့ မမော့တမော့ အနေအထားပေါ့။ အမှတ်တမဲ့ ကြည့်လျှင် ယမင်းရုပ်လေးသည် တကယ့်သက်ရှိ မင်းသမီးလေး တစ်ပါးလို့ ထင်ရမည်။ အရွယ်အစားက လူထက် တော်တော် သေးနေတာက လွဲ လို့ပေါ့။ ယမင်းရုပ်၏ မျက်လုံးလေး တွေက တီဗွီမှန်သားပြင်ပေါ်သို့ တကယ်ပင် လှမ်းကြည့် နေခဲ့သည်။ အထူးသဖြင့် အငြိမ့်ပြကွက်တွေမှာ မင်းသမီး တစ်ယောက်ယောက် ကနေပြီ ဆိုလျှင် ယမင်းရုပ်၏ မျက်လုံးလေးတွေက ပိုမိုတောက်ပလာကာ ငေးစိုက်ကြည့် နေတော့သည်။ သူကိုယ်တိုင်လည်း တစ်ချိန်တုန်းက တစ်ပင်တိုင် အငြိမ့်မင်းသမီးလေး ဖြစ်ခဲ့ဖူးတာကိုး။

ယမင်းရုပ်လေးကို ကြည့်နေရလျှင် သူတစ်ခါတုန်းက ကခဲ့ဖူးသော ကကြိုး ကကွက် လေးများကို ပြန်မြင်ယောင် လာမိတာမို့ သူ့ကို အိမ်မှာ ထားရတာ စိတ်ချမ်းမြေ့ခဲ့သည်။ မောင်က သူ့ အတွက် ပ၀ါကလေးတစ်ထည် ၀ယ်မလာခင် အထိပေါ့။

သူနှင့်ကျွန်မ တွေ့ရသည်မှာလည်း သူက ကျွန်မတို့ အိမ်ရှေ့နားက ကွက်လပ် သစ်ပင်ရိပ်တွင် လာပြီး ကနေစဉ် ကျွန်မက အိမ်ပြင်အထိ ထွက်ကြည့်မိရင်း တွေ့ရခြင်း ဖြစ်သည်။

ကျွန်မအိမ်ရှေ့က မြေတလင်းသည် တော်တော် ရှင်းလင်းပြီး အရိပ်ကောင်း၏။ သရက်ပင် တစ်ပင်နှင့် မန်ကျည်းပင် တစ်ပင်က ယှဉ်ပေါက် နေသောကြောင့် နေ့လယ် ဘယ်လောက်ပဲပူပူ ထိုနေရာလေးက အရိပ်ဖြင့် အေးနေတတ်သည်။ ထိုအရိပ်သို့ ယမင်း ရုပ်လေးကို ခေါ်လာပြီး ကြိုးကိုင်ကပြစေသူမှာ အသက် ၇၀ခန့် အဘိုးကြီး တစ်ယောက် ဖြစ်သည်။

x x မြနဲ့ မောင်နဲ့ အခုမှ တွေ့ တာ လူပါးမ၀ခင်တုန်းက x x x ပြောရတော့ ရယ်စရာပါ ထဘီလေးတိုတိုဝတ်ကာ မြ ငယ်စဉ်ခါ x x x လူထဲ မ၀င်ခင်သေးတော့ အလှပြင်ဆင်ရှာ

လေဘာတီမမြရင်၏ ရွှေပြည်စိုးသီချင်းကို အသံဝါ၀ါညက်ညက်ဖြင့် သီဆိုလိုက် သော ယောက်ျားသံ တစ်ခုကို စပြီး ကြားလိုက်သည့် အချိန်က နေ့လယ် နှစ်နာရီလောက် ဖြစ်ပါသည်။ အသံကြားကြားချင်း ကျွန်မ မျက်မှောင်ကြုတ်မိ သွားခဲ့သည်။ ဒီသီချင်းက မင်းသမီး အငြိမ့်ကရင်း သီဆိုတဲ့ မိန်းမသီချင်းပဲ၊ ဘာဖြစ်လို့ ယောက်ျားကြီးက ဆိုနေရတာ လဲ။ သို့သော် သီဆိုပုံက ဌာန်ကရိုဏ်း ကျသည်မို့ နားထောင်လို့ ကောင်းသား။

x x ရွှံ့တွေ ကပ်စီးကပ်စီး ပုတီးလုပ်ကာ ကုံးတတ်ပါတယ် x x x အုတ်မှုတ်ခွက်ကို ရှာ ရှာ ဒေါ်လာပြားက ဆယ့်ငါးပြား လောက် ဆွဲတတ်တာ ကိုကိုများက x x x မြှောက်စားပေ မယ့် ဟိုးတုန်းကလောက် မပျော်ပါ x x

ကျွန်မ အသံလာရာ အိမ်ရှေ့ဆီသို့ လှမ်းကြည့်မိသည်။ ခြံဝင်းသံတံခါး ဟိုဘက်မှ မြင်ကွင်းက တော်တော် လှလေသည်။ ရုပ်သေး မင်းသမီးလေး တစ်ရုပ် ပ၀ါလေး လွင့်ပျံနေ အောင် ညက်ညောစွာ၊ သွက်လက်စွာ ကနေဟန်က ကျွန်မကို ဖမ်းယူဆွဲငင်လိုက်၏။ ကျွန်မ တစ်ခါမှ မမြင်ဖူး မတွေ့ ဖူးသည့် မြင်ကွင်းမျိုး ဖြစ်ပါသည်။

x x ကျွန်မတို့ဆီကို လိုက်လို့ပို့ပါ လိုက်ပို့မယ်တဲ့ ပြောလို့ သူညာ x x x အတောဘယ်လို တောတော အဆန်း ဘယ်လို ပြောပြော x x x နားဝင်ချိုအောင် ဘယ်လိုပြောပြော သဘော အကြိုက်ကိုဖြင့် မလိုက်နိုင်ပါပြီ တစ်ခါ ရွှေပြည်စိုး x x x ရွှေပြည်စိုး x x x ရွှေပြည်စိုး x x x လွမ်းပိုဖွယ်ရာ

သစ်ပင်ရိပ်မှာ ကလေးတချို့ ၀ိုင်းထိုင်နေပြီး မင်းသမီးလေးကတော့ မြေနှင့် ခြေ ဖ၀ါး မထိတထိဖြင့် လက်ကို ချိုးလျက် ခါးကို နွဲ့လျက် ထဘီခြေဖျားလေးကို ခပ်ကာဖြင့် ပတ်ချာလည် ကနေတော့သည်။ ကြည့်စမ်း အကကလည်း ကောင်းလှချည့်။ ခေါင်းလေးကို မော့လိုက် ငုံ့လိုက် တံတောင်ဆစ်ကို ချိုးလိုက် ကွေးလိုက် ဆန့်လိုက်။ ပျော့ပျောင်း ညက်ညောလှပါလား။

မင်းသမီးရုပ်လေးကို ကြိုးဆွဲနေသူမှာ သီချင်းဆိုနေသူ အဘိုးကြီးပဲ ဖြစ်သည်။ တော်လိုက်တဲ့ ရုပ်သေးဆရာကြီးပဲ။ အသံကလည်း သိပ်အကောင်းကြီး မဟုတ်ပေမယ့် သီ ဆိုတတ်သည်။ တကယ်ကို ဆိုင်းဝိုင်းကြီးဖြင့် တီးနေသလို မြိုင်ဆိုင်အောင် သူ ဆိုတတ် ပါပေသည်။ တကယ်တော့ အဘိုးကြီးမှာ ပါးစပ်တစ်ခုဖြင့်သာ သီဆိုရသည်။ လက်က စည်း ၀ါးတောင် လိုက်လို့မရ။ လက်နှစ်ဖက်လုံး လက်ဆယ်ချောင်းလုံးက ယမင်းရုပ်လေး၏ ကြိုး များကို ထိန်းကိုင် လှုပ်ရှားနေရတာကိုး။ ကျွန်မ ဘယ်လိုဖြစ်ပြီး ခြံအပြင်ဘက် ရောက်သွား သည်မသိ။ သတိရတော့ ကျွန်မက သစ်ပင်ရိပ်က လူစုဆီသို့ ရောက်နေပြီ။

ကျွန်မကို ခြံပြင်ထွက်မိအောင် ဆွဲဆောင်တာက ရွှေပြည်စိုး သီချင်လား ယမင်းရုပ် အကလား ကျွန်မ မသိနိုင်။

တော်တော်လှသည့် အရုပ်လေးပါ။ ကျွန်မဘ၀တွင် ရုပ်သေးရုပ်ပေါင်း များစွာကို ကတာလည်း ကြည့်ဖူးသည်။ ဆိုင်တွေမှာ ချိတ်ဆွဲ ရောင်းနေတာလည်း မြင်ဖူးပါသည်။ ထိ ကိုင်လည်း ကြည့်ဖူးပါသည်။ သို့သော် အခုအရုပ်လောက် တစ်ခုမှ မလှဟု ထင်ပါသည်။ သူ့မျက်လုံး မျက်ခုံးက သိပ်ထူပိန်းနေတာမျိုး မဟုတ်။ ပြေပြေလေးပဲ။ နှာတံကလည်း စင်း စင်းလေး။ တခြားအရုပ်တွေလို ဖြဲစပ်စပ် နှုတ်ခမ်း နီနီပြဲပြဲက နားရွက်သို့ ထိအောင် ရယ် နေတာမျိုး မဟုတ်။ ကျွန်မဖြင့် ယမင်းရုပ်လေး ကနေတာကို ကလေးတွေနှင့်အတူ ထိုင် ကြည့်နေမိသည်အထိ ချစ်သွားပါတော့သည်။

အဘိုးကြီးမှာ ယမင်းရုပ်လေးထိုင်ဖို့ အရောင် လွင့်ပြယ်နေလို့ ဘာရောင်မှန်း မသိ နိုင်သော ကတ္တီပါအခင်းလေး တစ်ခုပါသည်။ ထိုအခင်းလေးပေါ်တွင် အရုပ်လေး ခြေပစ် လက်ပစ် ထိုင်ချချိန်တွင် သူကတော့ ခုံဖိနပ်ကို ဖင်ခုထိုင်၏။ ယမင်းရုပ်ရှေ့မှာ ချထားသည့် ခပ်သေးသေး ဒန်ဖလားလေး တစ်လုံးထဲတွင် ငါးဆယ်တန် နှစ်ဆယ်တန် တချို့ကို မြင်ရ သည်။ သူ့ အဆိုကလည်း ကောင်း ယမင်းကို ကြိုးဆွဲသည့် အတတ်ပညာကလည်း မသေး လှသဖြင့် သူ အခုလို အရပ်ထဲမှာ ရှိနေတာ အံ့သြစရာဟု ကျွန်မထင်သည်။ အင်းလေ သူ့ အကြောင်းနှင့်သူ ရှိမှာပေါ့။ ကျွန်မ မစပ်စုတတ်ပါ။ ကျွန်မလက်ထဲမှာ ငွေတစ်ရွက်မှ မပါ လာသဖြင့် အိမ်ထဲပြန်ပြီး နှစ်ရာတန် တစ်ရွက်ကို ယူလာပေးလိုက်ပါသည်။ ကျွန်မ ထည့် သည့် ပိုက်ဆံက အများဆုံးမို့လား မသိ၊ အဘိုးကြီးက ကျေးဇူးတင်သလို မော့ကြည့်ပြီး ဘာသီချင်း နားထောင်ချင်လဲ မိန်းကလေးဟု မေးပါသည်။ ကျွန်မ ဘာသီချင်းကို ရွေးပြော ရမှန်း မသိပါ။ နောက်ပြီး အဘိုးကြီး၏ နားထင်မှာ ဆံစမှာ ချွေးစက်တို့ စိုလက်နေသည်ကို မြင်ရသဖြင့် သီချင်းအမည်ကို မပြောရက်တော့ပါ။

ထိုနေ့က ကျွန်မနှင့် ယမင်းရုပ်လေး ပထမဆုံးအကြိမ် တွေ့ဖူးရခြင်း ဖြစ်သည်။

နောက်ပိုင်းမှာ အဘိုးကြီးသည် ကျွန်မတို့ ရပ်ကွက်သို့ တစ်ပတ်လျှင် တစ်ကြိမ် ရောက်လာပြီး ကျွန်မ အိမ်ရှေ့က သစ်ပင်ရိပ်မှာ သီချင်း သုံးလေးပုဒ် ပြီးအောင် ကပြသွား သည်က အစဉ်အလာ တစ်ခုလို ဖြစ်လာသည်။

သူ့သီချင်းတွေက အငြိမ့် ကလို့ကောင်းသည့် သီချင်းတွေချည်း ဖြစ်သည်။ ရောက် ရောက်ချင်းတော့ သူက ရွှေပြည်စိုးဖြင့် စပါသည်။ ကျွန်မက သူ့ကို ဟိုသီချင်းလေး ရလား ဒီသီချင်းလေး ရလားဖြင့် သီချင်း တောင်းလိုက်သည့်အခါ သူရလျှင် ဆိုပေးသည်။ ကြည် ကြည်ဌေး၏ ပန်းပန်လျက်ပါကို အငြိမ့်မင်းသမီးတိုင်း ရသည်။ သူလည်း ရသင့်ပါသည်။ သို့သော် အဘိုးကြီးက မရဘူးဟု ပြောသည်။ ကျွန်မ မချင့်မရဲ ဖြစ်မိသည်။ မြိုင် ကျတော့ ရသတဲ့။

x x x စားတော့လည်းမြိုင် x x x သွားတော့လည်း မြိုင် မမြိုင် မမြိုင် မဟာမြိုင်ကြီးမှာ x x x တစ်ယောက်တည်း ပျော်တဲ့ မြိုင် x x x

အဘိုးကြီးက လှိုင်သာယာသို့ ပြန်ရမှာဟု ပြောသည်။ ကလေးတွေက သူ့ကို ဘဘ ဟု ခေါ်သဖြင့် ကျွန်မကပါ လိုက်ပြီး ဘဘဟု ခေါ်ပါသည်။ ကျွန်မအိမ်ရှေ့မှာ သုံးပုဒ် ဆိုပြီး လျှင် ဘဘက မောပြီ။ မင်းသမီးလေးလည်း နား။ ဘဘလည်း နားတော့သည်။ ကျွန်မက အိမ်မှာ သံပုရာရည်ရှိလျှင် သံပုရာရည်၊ မရှိလျှင်တော့ ရေအေးအေး တစ်ခွက်နှင့် မုန့်တချို့ ကို ယူလာပြီး ဘဘကို ကျွေးသည်။ ဘဘက မစားလျှင် ဆာသည့်အခါ စားဖို့ ထည့်ပေး လိုက်တတ်ပါသည်။ ကဲ ပြန်ကြစို့လား သမီးရေဟု ဘဘက သူ့ ယမင်းရုပ်ကို တကယ့် လူ လိုပဲ စကား ပြောတတ်သည်။

သူ တစ်နေ့တစ်နေ့ အရုပ်လေးနှင့် မြို့အနှံ့ လှည့်ပတ်သွားလာ ကပြသည်မှာ သုံး လောက် စွဲလောက်အောင် မရနိုင်ပါ။ သူ့ ရုပ်သေးပွဲကို လာကြည့်သူတွေက ကလေးတွေပဲ များပါသည်။ တကယ်တော့ ရုပ်သေးစင်ဆိုတာ အမြင့်သဘင်ပါ။ စင်ဖြင့် ကပြ ဖြေဖျော်ရ တာ မဟုတ်လား။ စင်နောက်မှာ ကန့်လန့်ကာ နောက်ကနေ ကြိုးဆွဲသူက နေလျက် ရှေ့မှာ အရုပ်လေးတွေက ကြိုးဆွဲရာ ကနေကြသည် မဟုတ်လား။ အခုလို မြေပြင်ပေါ်မှာ ခင်းထားသည့် ကပ္ဗလာလေးပေါ်မှာ ကနေရှာသည့် ယမင်းရုပ်ကလေးကို ကျွန်မဖြင့် မကြည့်ရက်။ ဘဘအား အထက်တန်းကျကျ စားသောက်ဆိုင် တစ်ခုခုနှင့် ဆက်ပေးဖို့ ကျွန်မ ကြိုးစားချင်သည်ဟု ဖွင့်ပြောတော့ ဘဘက လက်မခံပါ။ သူ အဲဒီလို အချိန်တွေကို ကျော်ဖြတ်ခဲ့ပြီးပြီ။ ခါးသီးသော ထိုအတွေ့အကြုံတွေကို ထပ်ပြီး မလိုချင်တော့ဟု ပြောပါသည်။

ကျွန်မကတော့ ရုပ်သေးရုပ် ကလေးကို ဆိုင်းဝိုင်းနှင့် စည်းဝါးနှင့် မြိုင်မြိုင်ဆိုင်ဆိုင် ကကြိုးစုံလင် ကစေချင်သည်။ စင်မြင့်ပေါ်မှာ ပ၀ါတန်း၏ရှေ့မှာသာ ကလိုက်ရလျှင် ဘယ် လောက်များ လှလိုက်လေမလဲ။ မြင်ယောင်ကြည့်မိသည့်အခါ ရင်ခုန်လာပါသည်။

ကျွန်မသည် ငယ်စဉ်ကတည်းက အကတွေကို နှစ်သက်စွဲလမ်းခဲ့သူ ဖြစ်သည်။ ရုပ် သေးပွဲကို မေမေလိုက်ပို့သဖြင့် ကျွန်မ ပထမဆုံးအကြိမ် သွားကြည့်ဖူးစဉ်က အရုပ်လေး တွေကို ချစ်လိုက်တာ မပြောပါနှင့်တော့။ နတ်ကတော် ရုပ်ကလေးက အရင်ထွက်ပြီး ကန် တော့ပွဲဖြင့် ကတာကို မြင်ရသည်။ ဇော်ဂျီအကလည်း ပါသည်။ မင်းသား မင်းသမီး မြိုင်ထ အကလည်း ပါသည်။ ၀န်အကလည်း ပါသည်။ ထိုအရုပ်လေးများသည် လူလိုပဲ လက်ရော ခြေရော ခေါင်းရော လှုပ်ကာ လှုပ်ကာ ကကြတာကို မြင်တော့ ကျွန်မ အံ့သြတကြီးပေါ့။ အ ပေါ်ကနေ ကြိုးနဲ့ဆွဲနေတာဟု သိသော်လည်း ကြိုးဆွဲသူကိုလည်း မမြင်ရ။ သည်တော့ အ ရုပ်ကလေးက ကနေတာ လှတယ်ဟုသာ မြင်ရသည်။

x x လေးပျိုနှမ အစ်ကိုက ချီမယ် ပျိုမြမဒီနွယ် x x x တီတီတာတာ စကားတွေ မကြွယ် လိုက်ပါနဲ့ လေး လေး x x x

အငြိမ့်မင်းသမီး များစွာကိုလည်း ကျွန်မ ကြည့်ဖူးသည်။ နာမည်ကြီးတာရော မကြီး တာရော။ ရွှေလိပ်ပြာ မအေးကြည်တဲ့။ တရုတ်မ မကြင်စိန်တဲ့။ နောက်ပြီးတော့ ဆောင်းအ ငြိမ့်၊ ကျွန်မတို့ရွာသို့ လာသမျှ အငြိမ့်ပေါင်းစုံမှာ ကျွန်မ မကြည့်လိုက်ရသည့် အငြိမ့်က တော်တော် ရှားပါလိမ့်မည်။ လူရွှင်တော်တွေ စကားပြော ပြက်လုံးထုတ်လျှင် ကျွန်မက စင် ပေါ်မှာ ကျောပေးထိုင်နေသော မင်းသမီး ရှိရာသို့သာ အာရုံက ရောက်လျက် ဘယ်တော့ ကမလဲ ဘယ်တော့ ထလာမလဲနှင့် စိတ်စောနေမိ တတ်သည်။ အငြိမ့်မင်းသမီးက ခါးကို ကော့လွန်းလျှင်၊ မလိုအပ်ဘဲ ဖင်ကို ကောက်ချိတ်ပြီး လိမ်လျှင်၊ မျက်နှာက ကြာပစ်လွန်း လျှင်တော့ ကျွန်မ နှာခေါင်း ရှုံ့မိတတ်သည်။ မင်းသမီး၏ ရင်ခံက လိုသည်ထက်ပိုပြီး အောက်သို့ လျှောနေလျှင်လည်း ကျွန်မ မကြိုက်။ ရင်ခံသည် ရင်ဘတ်ပေါ်မှာ ခပ်ပြေပြေ တင်နေရမည်။ ဘယက်နှင့် ကြိုးများ ဆွဲသာရုံ နေရာလပ်လျှင် တော်ပြီပေါ့။ ဘာဖြစ်လို့ လည်ပင်း ဟိုက်ဟိုက်ကြီး ပေါ်အောင် ဖော်နေတာလဲ။ မကြိုက် လိုက်တာနော်။ မင်းသမီး က သူ့ရည်းစားကို ပွဲခင်းထဲမှာ ရှာတာကလည်း အငြိမ့်တို့၏ ထုံးစံလိုဖြစ်နေတာမို့ လက်ခံရ မှာပါပဲ။ သို့သော် မမြရင်၏ ဦးသ၀န်ကြောင် လောက်ဆိုလျှင် ဘယ်လောက်လှသလဲ။

x x ဘယ်ယောက်ျားမှ စကားမပြောနဲ့တဲ့ x x မနေ့ကမှာတယ် x x တွေ့ကြရာဝယ် ကျွန်မ ပြောပြမယ် ကသောအခါဝယ် x x ရည်းစားတစ်ထောင် လင်ကောင် x x ကြင်ပေါင် မြရင် စိတ်နှလုံးဟာမို့ x x အိမ်တွင်းပုန်း ကုလားမကဲ့သို့ x x x ကျွန်မတို့ မနေနိုင်ပေါင် မောင်ရယ် x x x

တီးကွက်တွင် ဆိုင်ဝိုင်းအတီးဖြင့် မင်းသမီးလေး ကကြိုး မထပ်အောင် မြိုင်ဆိုင်စွာ ခမ်းနားစွာ ကသည့်အခါများ ကျွန်မ မျက်တောင်ပင် မခပ်မိအောင် ငေးနေမိတတ်သည်။ လှလိုက်တဲ့ အကလေး။ ကျွန်မကတော့ အနုပညာတွင် ပါရမီနည်းသူမို့ သူများအကကို ငေးရုံပါပဲ။ သီချင်းကိုတော့ စည်းဝါးညီညီ သီဆိုတတ်သဖြင့် တစ်ခါတစ်ခါ ကိုယ်ရသည့် သီချင်းဆိုလျှင် စင်အောက်ကနေ အသံထွက်ရုံ ပါးစပ်လှုပ်ရုံ လိုက်ဆိုနေမိပါသည်။

ကျွန်မ ပွဲကြိုက်လွန်းလို့ ငယ်ငယ်က ဆိုင်းသံ ဗုံသံကြားလျှင် မနေနိုင်။ ကျွန်မတို့ အိမ်သို့ ခဏခဏ လာတတ်သော ဦးလေး ဦးအောင်ခင်က ကျွန်မကို ဆိုင်းရှိသည့် နေရာ သို့ လိုက်ပို့ပေးရသည်။ ဆိုင်းချည်းပါပဲ။ မင်းသမီး မပါပါဘူးဆိုလည်း ကျွန်မ မယုံ။ လိုက်ကို ပို့ပေးမှ ကျွန်မ ကိုယ်တိုင် မြင်ရမှ ယုံသည်။ ရွှေကျောင်းဘုရားပွဲ၊ မြစေတီ ဘုရားပွဲတို့တွင် ပွဲတွေ အငြိမ့်တွေ ပါတတ်တာမို့  ကျွန်မလည်း ပွဲနှင့် မင်းသမီးလေးတွေကို မျှော်လေသည်။ ကျွန်မတို့ ရွာသို့ အမာစိန် အငြိမ့်တစ်ခါမှ မလာဖူးဘူးဟု ကျွန်မထင်သည်။ သို့သော် အမာ စိန်ကို ကျွန်မ အရွယ်ရောက်တော့မှ မြန်မာ့အသံကနေ အငြိမ့်ကို ကြည့်ရ၏။ ယိုးဒယားပြန် အမာစိန်ဟု နာမည်ရသော အမာစိန်သည် အက အလွန်ညက်ညော နွဲ့ပျောင်းကာ လှပ ပါသည်။ လမင်းတစ်ရာ ဌေးဌေးမြင့် အကကိုတော့ ကျွန်မကိုယ်တိုင် ကြည့်ဖူးသည်။ စွဲနေ အောင် ကြိုက်ဖူးသည်။ မောင်က ကျွန်မကို အလိုလိုက်ပြီး အငြိမ့်ခွေ ကောင်းကောင်းတွေ ဆိုလျှင် ရှာကြံ ၀ယ်ပေးတတ်သည်။ မောင် မရှိသည့် ရက်တို့တွင် အငြိမ့်မင်းသမီးလေးတွေ ၏ အကထဲမှာ ကျွန်မ နစ်မျောနေမိတော့ မောင့်ကို တမ်းတရသည့် အလွမ်းတွေက ခပ်ပါးပါးပဲ ကျန်လေသည်။


အခုအခါ အငြိမ့်တို့သည် အငြိမ့်နှင့် မတူကြတော့ပြီ။ အငြိမ့်တွေကို အမျိုးမျိုး ရိုက် ကူးသော်လည်း မင်းသမီးတို့၏ အကကို ကျွန်မ အားမရနိုင်။ လူရွှင်တော်တို့၏ ပြက်လုံး တွေကို မုဒိတာမပွားနိုင်။ ထိုအချိန်မျိုးမှာ ဘဘ၏ ယမင်းရုပ်ကလေးသည် တကယ့် ရှေးက ကကြိုး ကကွက်နှင့် မင်းသမီးလေး တစ်ယောက်လို ကနေတာကို မြင်ရတော့ ကျွန်မ တော် တော် ကျေနပ်ကြည်နူးမိသည်။ ထို့ကြောင့် ထိုယမင်းရုပ်လေးနှင့် ဘဘကို တစ်ပတ်တစ်ခါ မျှော်ကြသည့် ရပ်ကွက်ထဲက ကလေးတို့အထဲမှာ ကျွန်မပါ ပါလေသည်။ တစ်ခါတစ်ခါ လာ နေကျ မလာလျှင် နေမထိ ထိုင်မသာ။ ညနေအထိ ခြံဝဆီသို့ မျှော်နေမိဆဲ။ စိမ်းလဲ့လဲ့ညို ပြာ ယိမ်းတနွဲ့နွဲ့စိုကာဟု အသံရှည်ဖြင့် သီဆို ဆွဲငင်လိုက်သည့် ဘဘအသံကို ကြားလျှင် ရင်တောင် ခုန်မိသွားလေသည်။

နောက်ပိုင်းကျတော့ ကျွန်မနှင့်ဘဘ ဘယ်လောက်ထိ အပေးအယူ တည့်သွားသ လဲဆိုလျှင် ယမင်းရုပ်လေးအား ဘဘက ကကြိုး အသစ်ဖြင့် ကြိုးဆွဲ လေ့ကျင့်ရလောက် အောင်ပင် ကျွန်မက ပန်းပန်လျက်ပါကို ပူဆာခဲ့လေသည်။

“ငါတော့ မရဘူး ညည်းဆိုတတ်လား”

“ဆိုတတ်ပါ့”

“အေး ဒါဆို ညည်းကဆို။ ငါက မင်းသမီးကို ကမယ်”

ကျွန်မဆိုသည့် ကျွန်မက ရေချိုးခန်းထဲမှာတောင် သီချင်းဆိုတာမဟုတ်။ တစ်ခါ တစ်ခါ ညမီးပြတ်ပြီး ဘာမှ လုပ်လို့မရသည့် အခါမျိုးတွင် အိပ်ခန်းထဲမှာ အပြင်သို့ လှမ်းငေး ပြီး သီချင်း ညည်းတတ်တာက လွဲလို့ သီချင်းကို စိတ်လိုလက်ရ သီဆိုဖြစ်သူ မဟုတ်ပါ။ သို့သော် မီးပြတ်လျှင်တော့ မီးမလာမချင်း သီချင်းကို လေးငါးပုဒ် ဆက်တိုက် ဆိုနေတတ် သည်။ ထိုအထဲတွင် ကြည်ကြည်ဌေး၏ ချစ်ဆိပ်ရည်သီချင်းက ထိပ်ဆုံးကပေါ့။ သို့သော် ပန်းပန်လျက်ပါကို ကျွန်မ မဆိုဖြစ်ပါ။ ဒါက မင်းသမီးကသည့် သီချင်းမို့ သီချင်းသည် အက လေးနှင့်မှ မြိုင်ဆိုင်တာမို့ သီချင်းချည်းဆိုလျှင် ဟာတာတာကြီးမို့ ဖြစ်သည်။

အခုတော့ ဘဘက သူ့မင်းသမီးကို ကကြိုးသစ်ဖြင့် ကြိုးဆွဲပေးမည်ဟု ပြောတော့ ဘာရမလဲ။ ကျွန်မ ပန်းပန်လျက်ပါကို သီချင်း ဖွင့်ပြလိုက်တာပေါ့။ ဘဘကို ကျွန်မအိမ်ထဲ သို့ခေါ်လာပြီး ပြောင်းဖူးသုပ် ကျွေးသည့်နေ့က ဧည့်ခန်းမှာပင် ဘဘအား ထိုသီချင်းကို ဖွင့် ပြပါသည်။ ကြည်ကြည်ဌေး၏ မူရင်းသီဆိုဟန် ဖြစ်သည်။ မန္တလေးမြို့ လှိုင်းတေးသံသွင်းမှ ဓာတ်ပြားသီချင်းကို ပြန်သွင်းထားသည့် သီချင်းဖြစ်သည်။ ဆိုင်းဝိုင်းနှင့် သီဆိုထားသည့် မူဟန် ဖြစ်သဖြင့် ခမ်းနား မြိုင်ဆိုင်လှပါသည်။

ဒုတိယပိုင်းသို့ ......

No comments:

Post a Comment